ဒါနပြုခြင်းနှင့်ပတ်သက်၍ ကျွှန်တော် နားလည်သမျှ တင်ပြပါဦးမည်။ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းကို ဒါနဟု ခေါ်ဆိုပါသည်။ ဒါနသည် ပုညကြိယ၀တ္တု ၁၀ ပါးအနက် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ပုညဆိုသည်မှာ ကောင်းမှု၊ ကြိယဆိုသည်မှာ ပြုသင့်သောတရား၊ ၀တ္တုသည် ကောင်းကျိုးချမ်းသာတို့တည်ရာကို ဆိုလိုပါသည်။ ထို့ကြောင့် ဒါနသည် ကောင်းကျိုးချမ်းသာတို့တည်ရှိလာဖို့ ပြုသင့်သော ကောင်းသောအမှု ဖြစ်ပါသည်။
ကောင်းသောအကျိုးတို့ဖြစ်လာစေသော အကြောင်းတရားသည် ကောင်းမှုပြုစဉ် ဖြစ်ပေါ်လာသော စေတနာသည် အဓိကဟု ကံ ကံ၏အကျိုးတွင် ဖော်ပြခဲ့ပါသည်။ အဘိဓမ္မာသဘောအရ စေတနာစေတသိတ်သည် သူချည်းသက်သက် မဖြစ်ပေါ်ပါ။ ကောင်းမှု ကုသိုလ်ပြုတိုင်း ဇောစိတ်တို့တွင် နာမ်တရား ၃၄ လုံးအမြဲ ပါပါသည်။ ထိုအထဲတွင် စိတ်တစ်လုံး စေတသိတ် ၃၃ လုံးပါ ပါသည်။ စေတသိတ်များကို ပေါင်းရုံး၍ သင်္ခါရဟုလည်း ခေါ်ဆိုပါသည်။ စေတသိတ်အုပ်စုတွင် စေတနာသည် ဦးစီး ဦးဆောင်သဖွယ်ဖြစ်၍ စေတနာကို ကံဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။ စေတနာကို ယှဉ်ဖက်စေတသိတ်များက အမှုကိစ္စပြီးစီးသည်အထိ ၀ိုင်းဝန်းပံ့ပိုးပေးကြပါသည်။ ယင်းတို့ အထဲ ၀ီရိယ၊ ပီတိ၊ သဒ္ဓါ၊ ဆန္ဒ၊ အလောဘ၊ အဒေါသ၊ ပညာဆိုသော စေတသိတ်တို့ အားကောင်းလျှင် ထက်သန်သော စေတနာဟု သတ်မှတ်ရပါမည်။
ထို့ကြောင့် ထက်သန်သော စေတနာဖြစ်ထို့ရာ ၀ီရိယသည် ရှေ့ဆုံးမှ ပါလာပါသည်။ ဆွမ်းလှူရာတွင် ဆွမ်းလှူဖို့ရာ စေတနာသည် အခရာကျပါသည်။ လှူချင်သောစေတနာသည် အလှူ ဖြစ်ဖို့ စေ့ဆော်မှု ဖြစ်ပါသည်။ ထိုစေတနာနှင့်အတူ ယှဉ်ဘက် ၀ီရိယက အားကြီးလာမှ အလှူ အထမြောက်ပါလိမ့်မည်။ ဆွမ်းအလှူတွင်လည်း ရိုးရိုးဆွမ်းအလှူနှင့် အထူးတလည် စီမံပြုလုပ်ရသော ဆွမ်းအလှူတို့တွင် ၀ီရိယ စိုက်ထုတ်ရမှု ကွာခြားသောကြောင့် စေတနာ ထက်သန်မှု ကွာခြားသည်ဟု ဆိုနိုင်ပါသည်။ တဖက်တွင်လည်း အထူးတလည်စီမံရသောကြောင့် အချိန်ပို ကြာပါသည်။ အချိန်ကြာသလောက် အလှူအထမြောက်ရန် စေ့ဆော်ရသော ကောင်းမှုကံ စေတနာသည်လည်း အချိန်ကြာမြင့်စွာ ဖြစ်ရပြန်သည်။ ထို့အတူ ၀မ်းမြောက်မှု ပီတိသည်လည်း ကွာပြန်သည်။ အထူးတလည်း စီမံချက်ပြုတ်ပြီး လှူဒါန်းရသည့်အတွက် ပုဗ္ပ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်လုံးတွင် ပီတိက လွန်ကဲနေတတ်သည်။ သဒ္ဓါထက်သန်တော့ ဆန္ဒတွေ လွန်ကဲ၍ မောရမှန်း ပန်းရမှန်းမသိ ဖြစ်နေပြန်သည်။ ရက်ရက်ရောရော ပေးကမ်းလိုမှု အလောဘ၊ သံဃာတော်များ ကျမ်းမာရွှင်လန်း ခွန်အားတိုးပြီး စိတ်ချမ်းချမ်းသာသာဖြင့် သာသနာတာဝန်များ ဖမ်းဆောင်စေဖို့ဆိုသော မေတ္တာစိတ် အဒေါသ၊ ကံ ကံ၏အကျိုးကို သိနားလည်သော ပညာဉာဏ်တို့ပါ ပြည့်စုံပါက ထက်သန်သော စေတနာဖြစ်လာသလို အကျိုးပေးလည်း သန်စေပါသည်။ ဤနေရာတွင် ၀မ်းမြောက်မှု ပီတိကြောင့်လည်း ထက်သန်သည့် စေတနာဖြစ်စေကြောင်း ထင်ရှားသော သာဓကလေးကို ထုတ်နုတ်ပြပါဦးမည်။ ဒုဂါမဏိ အဘယမင်းသည် စုတေခါနီး အလှူစာရင်းဖတ်ပြရာ မဟာစေတီတော်ကြီးတည်ရသော ဒါနမှုထက် စစ်ရှုံးစဉ်က တောထဲတွင် ဆွမ်းတစ်နပ်စာ လှူခဲ့သော ဒါနကုသိုလ်ကိုသာ သတိရ ၀မ်းမြောက်မှု ပီတိဖြစ်သောကြောင့် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။
ကံ ကံ၏အကျိုးတွင် ဖော်ပြခဲ့သလို ဒါနကုသိုလ် အကျိုးပေးသည် အလှူခံ ပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာပေါ်လည်း မူတည်သည်။ ထို့ကြောင့် သံဃိကဒါန ဖြစ်အောင် လှူဖို့လည်း အရေးကြီးပါသည်။ ဆွမ်းကွမ်းစီစဉ်ကတည်းက “သံဃဿဒေမိ၊ သံဃဿဒေမိ” ဟု စိတ်မှာ ရည်မှတ်ပြီး လုပ်သင့်ပါသည်။ မိမိကပ်လှူသော သံဃာက ဒုဿီလ ဖြစ်နေမလားဟု စိတ်မှာ မငြိုငြင်မိစေရန် အားလုံးသော သံဃာများကို ကပ်လှူသည်ဟု နှလုံးသွင်းရန် အရေးကြီးပါသည်။ သို့မှသာ “ကုသလာ ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော” ဆိုသည့်အတိုင်း ကုသိုလ်အကြောင်းပြုပြီး အကုသိုလ် မဖြစ်မှာကို သတိပြု သင့်ပါသည်။ တခါတရံ စိတ်မထားတတ်လျှင် ကုသိုလ်ကလည်း အကုသိုလ်ကို ကျေးဇူးပြု တတ်ပါသည်။
အလှူပြုပြီးတိုင်း ဆုတောင်းရန်လို မလို မကြာခဏ မေးမြန်းကြပါသည်။ ကုသိုလ်ပြုတိုင်း ဆုတောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ ကမ္မနိယာမအရ ကောင်းကျိုး ရမည်မှာ အသေအချာပင်။ ဖြစ်လာမည့် ကောင်းကျိုးကို ကိုယ်ဖြစ်စေချင်တာကို စိတ်ကပြဌာန်းလိုက်ခြင်းသည် ဆုတောင်းခြင်းဟု မှတ်ယူရပါမည်။ အများထင်သော ဆုတောင်းခြင်းသည် တစ်စုံတစ်ယောက်သော သူဆီက မျော်လင့်သည့် သဘောပါနေပါသည်။ အမှန်မှာ မည်သူ့ဆီကမှ မျော်လင့်ခြင်းမဟုတ်ပဲ မိမိလုပ်သော ကောင်းကျိုးနှင့် ထိုက်တန်သည့် ကောင်းကျိုးများအနက် ဖြစ်ချင်တာကို ရည်မှန်းလိုက်ခြင်းပင်။ အလွယ်ဆုံး ဥပမာပြရလျှင် မိမိတွင် ပိုက်ဆံ ၁၀၀၀ ရှိသည်။ စူပါမားကတ် တစ်ခု ၀င်သွားသည်။ အားလုံးသိကြသည့်အတိုင်း ပစ္စည်းမျာတွင် ဈေးနှုန်းများကပ်ထားသည်။ ကျပ် ၁၀၀၀ လို့ ရေးထားတဲ့ ပစ္စည်းများမှာ မျိုးစုံရှိသည်။ အ၀တ်အထည်လား၊ အလှကုန်လား၊ နေ့စဉ်အသုံးအဆောင်လား စသဖြင့် မိမိကိုယ်တိုင် ရွှေးချယ်ရန် လိုအပ်ပါသည်။ ထိုနည်းတူစွာ ကုသိုလ်လုပ်ပြီးတိုင်း ကိုယ်ဖြစ်ချင်တာကို စိတ်က ပြဌာန်းလိုက်ရန် လိုအပ်ပါသည်။
ဒါနပြုခြင်းကို သံသရာရှည်သည်ဟု အချို့က ရှုမြင်ကြသည်။ ဒါနပြုရာတွင် “ ၀ဋ္ဋဒါန” နှင့် “ ၀ိဝဋ္ဋဒါန” ဟူ၍ ၂ မျိုးရှိပါသည်။ လူချမ်းသာ၊ နတ်ချမ်းသာ ကိုရည်စူး၍ လှူဒါန်းသော ဒါနကို ၀ဋဒါနဟု ခေါ်ပြီး၊ သံသရာဝဋ်ကျွှတ်လိုသော ၀ဋ်မကျွှတ်ခင်စပ်ကြား ခံစားရယုံသက်သက်ကို ရည်စူး၍ လှူဒါန်းသော ဒါနကို ၀ိဝဋဒါနဟု အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့် အဘိဓမ္မာကျမ်းတွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ဆုတောင်းခြင်းမှာ တိုက်တန်သော ကံကို ပြု၍ ထိုက်တန်သော အကျိုးကို မျှော်ကိုးခြင်း ဖြစ်ရာ လူချမ်းသာ၊ နတ်ချမ်းသာလောက်သာ တောင့်တကြ၍ သံသရာမှ မထွက်နိုင်ကြခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကုသိုလ်ပြုတိုင်း “ နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန် ရောက်ရပါလို၏” ဟု ဆုတောင်းသင့်ပါသည်။ သို့သော် နိဗ္ဗာန်သည် ဆုတောင်းရုံဖြင့် အလိုလိုတော့ မပြည့်ပါ။ မိုးကုတ်ဆရာတော်ကြီးက နိဗ္ဗာန်သည် အလုပ် လုပ်သူသာ ရသည်၊ ဆုတောင်းရုံသာတတ်သည့် အချောင်သမားများနှင့် မဆိုင်ဟု မိန့်ခဲ့ပါသည်။ အားထုတ်သူသာ ရသည်ဟု ဆိုလိုပါသည်။ သို့သော် နိဗ္ဗာန်ရောက်စေတဲ့ အကြောင်းတရားများ မိမိသန္တာန်တွင် ပြည့်စုံလာစေခြင်းသည်ပင် ဆုတောင်းပြည့်ခြင်းပင်။ သားရွှေအိုးထမ်းတဲ့ ဆုတောင်းမျိုး ဖြစ်ပါသည်။ နိဗ္ဗာန်ရဖို့သည် သုဂတိဘုံတွင် ရှိရမည်။ ဗုဒ္ဓသာသနာနဲ့ တွေ့ရမည်။ တနည်းပြောရရင် ရပ်ပြစ် ၈ ပါး လွတ်ရဦးမည်။ သစ္စာတရားကြားနားကြားနိုင်သောနား၊ ထိုးထွင်းသိနိုင်တဲ့ အမောဟစေတသိတ်ပါသော ပဋိသန္ဓေ(တိဟိတ်)ဖြစ်ရဦးမည်။ ၀ိပဿနာကို နည်းမှန်လမ်းမှန် အားထုတ်နိုင်ဖို့ လမ်းညွှန်ပြသမည့် ကလျာဏမိတ္တနှင့် တွေ့ရဦးမည်။ ယင်းအချက်များ ပြည့်စုံလျှင်ပင် လူဖြစ်ရကျိုး နပ်နေပါပြီ။ ထို့ထက် ကိုယ်တိုင် အားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်ကား အတိုင်းထက်အလွန်ပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ချက်ထဲနဲ့ သုံးလေးချက် ပြည့်စုံသော ဆုတောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဒါနပြုရာတွင် အထက်တွင် တင်ပြခဲ့သော စေတာနာထက်သန်ရန် ချီးမြှောက်ပေးနေသော ၀ီရိယ၊ ပီတိ၊ သဒ္ဓါ၊ ဆန္ဒ၊ အလောဘ၊ အဒေါသ၊ ပညာ စသည်တို့ ပြည့်စုံနိုင်သမျှ ပြည့်စုံစေဖို့ လိုသလို ဘုရားအမှူးပြုသော သံဃာအဖွဲ့အစည်းကို ရည်မှတ်၍ လှူဒါန်းမှု ပြုသင့်ကြောင်း၊ ကုသိုလ်လုပ်ပြီးတိုင်း ဆုတောင်းရာတွင် လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပဲ သာသနာနှင့် ကြုံရခိုက် နိဗ္ဗာန်ကိုသာ ရည်မှတ်၍ ကုသိုလ်ပြုကြရန် အကြံပြု တိုက်တွန်းလိုက်ရပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
ပြေဇော်
Wednesday, February 3, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment