Wednesday, February 3, 2010

ဒါန နှင့် ပတ်သတ်သည့် စာများ..

သူတော်ကောင်းတို့ ပေးလှူနည်းများ-

သပ္ပုရိသဒါန ငါးပါး-
သဒ္ဓါဒါန= ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။
(ဤဒါနကြောင့် အဆင်းလှခြင်း)

သက္ကစ္စဒါန= လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းမွန်စွာပြုလုပ်၍ လှူဒါန်းခြင်း။
(ဤဒါနကြောင့် သားသမီး ဆွေမျိုး ပရိသတ်များ မိမိစကားနားထောင်ခြင်း)

ကာလဒါန= လိုအပ်နေသောအချိန် လိုအပ်သောပစ္စည်းကို လှူဒါန်းခြင်း။
(ဤဒါနကြောင့် မိမိလိုအပ်သောပစ္စည်း လိုအပ်ချိန်တွင် ရရှိသည်)

အနုဂ္ဂဟိတဒါန= ပစ္စည်းကိုမစွဲလမ်းတော့ဘဲ စွန့်လွှတ်၍လှူဒါန်းခြင်း။
(ဤဒါနကြောင့် စည်းစိမ်ဥစ္စာရှိပါသော်လည်း မသုံးရက် မစွဲရက် မဖြစ်တော့)

အနုပဟစ္စဒါန= မိမိသူတပါး မည်သူအားမျှ ဂုဏ်ပျက်ပြားအောင် အထိအခိုက်မရှိစေဘဲ လှူဒါန်းခြင်း။
(ဤဒါနကြောင့် ရေ မီး မင်း ခိုးသူ အမွေခံဆိုး ရန်သူမျိုးငါးပါးမှ လွတ်ကင်းသည်)

အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-
ဒါနကို ကိုယ်တိုင်လှူရုံမက သူတစ်ပါးကိုပါ
စေတနာပေါက်အောင် တိုက်တွန်းသင့်လှပေသည်။

မြတ်စွာဘုရားသည် အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌
၁။ မိမိသာလှူ၍ သူတစ်ပါးအား မတိုက်တွန်းသူ။
၂။ မိမိကမလှူ သူတစ်ပါးအား တိုက်တွန်းသူ။
၃။ မိမိလည်းမလှူ သူတစ်ပါးလည်း မတိုက်တွန်းသူ။
၎။ မိမိလည်းလှူ သူတစ်ပါးအားလည်း တိုက်တွန်းသူ ဟူ၍
ဟောတော်မူခဲ့သည်

ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတစ်ပါးအားလည်း
တိုက်တွန်းသူသည် ဖြစ်လေရာဘဝ၌ စည်းစိမ်ဥစ္စာချမ်းသာ၍ အခြံအရံ
အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်ဟု ဟောညွှန်ခဲ့ပေသည်။

No comments: