.သူတော်ကောင်းအဓိပ္ပါယ်
သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
မြတ်စွာဘုရားသည်ု ဧကနိပါတ်ဝါနရိန္ဒဇာတ်၌ “ရန်သူအောင်မူကြောင်း ၄ ခု” အဖြစ်နှင့် ဟောကြားတော်မူ၏။ ဝါနရိန္ဒဟူသည် မျောက်မင်းဖြစ်၏။ မိကျောင်းတကောင်သည် မျောက်မင်းအား ဖမ်းယူရန် အမျိုးမျိုး ကြိုးစား၏။ ဘယ်နည်းနှင့်မျှ ဖမ်းမမိသဖြင့် နောက်ဆုံးတွင် မိကျောင်းက မျောက်မင်းအား ချီးကျူးပြောကြား၏။
“မျောက်မင်း .. သင်၏ ကိုယ်တွင်း၌ သစ္စာ၊ ပညာ၊ လုံ့လနှင့် စွန့်လွှတ်ခြင်း ဟူသော ကျေးဇူးတရား ၄ ပါးတို့ ရှိကုန်သကဲ့သို့၊ ထို့အတူ အကြင်သူ၏ ကိုယ်တွင်း၌ ထိုတရား ၄ ပါးတို့ ရှိကုန်အံ့။ ထိုသူသည် ရန်သူကို လွန်မြောက်နိုင်၏''။
“အကြင်သူအား မှန်ကန်စွာ ပြောဆိုမှုသစ္စာ၊ ပညာဟူသော ဓမ္မ၊ ဝီရိယဟူသော ဓိတိ၊ စွန့်လွှတ်မှု ဟူသော စာဂ ဤတရား ၄ ပါး ပြည့်စုံပါက ထိုသူ မလွှမ်းမိုးနိုင်သော ရန်သူဟူသည် မရှိ”။
“အကယ်၍ ရန်သူကို မလွှမ်းမိုးနိုင်သေးပါလျှင် ရန်သူ အောင်မှုကြောင်း ၄ ခုနှင့် မပြည့်စုံသေး၍ ဖြစ်မည်။ သစ္စာ၊ ဓမ္မ၊ ဝီရိယနှင့် စာဂတို့ အသီးသီးတည်ရှိနေပါလျှင် လောကတွင် စိုးရိမ်ဖွယ်ရာမရှိ”
ဤတရား ၄ ပါးသည် စောင့်ထိန်းကျင့်သုံးသူ မည်သူအတွက်မဆို မုချ အကျိုးရှိမည်ဖြစ်ပြီး၊ လက်တွေ့ တကယ်ကျင့်သုံးနိုင်ပါက လိုချင်သော ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။
ဧကနိပတ်ဒေဝဓမ္မဇာတ်၌ ဘီလူးနှင့် မင်းသား အမေးအဖြေ ပြုပုံမှာ -
“ဘီလူးက - မင်းသား … လောက၌ အဘယ်တရား အမြတ်ဆုံးနည်း”
"ယက္ခ - မညှဉ်းဆဲခြင်း တရားသည် အမြတ်ဆုံးဖြစ်၏”
''မင်းသား - အဘယ်သူကို သူတော်ကောင်းခေါ်၍ အဘယ်သူကို သူယုတ်မာ ခေါ်သနည်း”
''ယက္ခ - သတ္တဝါတို့အား သနားသူကို သူတော်ကောင်းခေါ်၍ ရက်စက်သူကို သူယုတ်မာဟု ခေါ်ပါသည်”
ထိုဇာတ်တော်၌ ဘီလူးနှင့် မင်းသား အမေးအဖြေများစွာပါရာ ဤအမေးအဖြေ ၂ နှစ်ခုနှင့်ပင် ကွင်းကွင်းကွက်ကွက် မြင်နိုင်ပေသည်။
မြန်မာလူမျိုးတို့ အစဉ်တစိုက် ကိုးကွယ်လာသော ဗုဒ္ဓ၏ ဇာတ်တော်လာ တရားများသည်ပင် မြန်မာလူမျိုးတို့ သားစဉ်မြေးဆက် အတွက် လေးနက်ပြည့်ဝ မှန်ကန်သော အမြင်၊ လက်တွေ့ ထိရောက်အာနိသင်ကြီးမားသော နည်းနာနိဿယ အကျင့်လမ်းစဉ်ကို ညွှန်ပြနေလေသည်။
ထိုမှတပါး ယက္ခဘီလူးနှင့် မင်းသားတို့၏ အခြားသော အမေးအဖြေများကို နှလုံးသွင်းနိုင်ရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
“ဘီလူးက - မင်းသား … လူ၏ အကြီးဆုံးရန်သူကား အဘယ်နည်း”
''ယက္ခ - လူ၏ အကြီးဆုံး ရန်သူမှာ အမျက်ဒေါသ ဖြစ်၏”
''မင်းသား - စဉ်းစားချိန်ဆ၍ ပြုသဖြင့် အဘယ်အကျိုး ရမည်နည်း”
''ယက္ခ - အလုံးစုံတို့၌ အောင်မြင်ခြင်း အကျိုးရ၏”
သူယုတ်မာ ကုရန် ဆေးမရှိ-
မြွေသည် ကြမ်းကြုတ်၏၊
သူယုတ်မာသည်လည်း ကြမ်းကြုတ်၏၊
မြွေထက်သူယုတ်မာက ပို၍ကြမ်းကြုတ်၏၊
မြွေကို ဆေးဝါးမန္တရားတို့ဖြင့် ငြိမ်းအေးနိုင်၏၊
သူယုတ်မာကို အဘယ်မည်သော ဆေးဝါးမန္တရားဖြင့်
ငြိမ်းအေးနိုင်အံ့နည်း၊ ငြိမ်းအေးနိုင်သောဆေးမရှိ။
(လောကနီတိ ၆၇)
သူတော်ကောင်းသည်...
ကောင်းသော အမှုကို ပြုလွယ်၏...
သူယုတ်မာသည်...
ကောင်းသော အမှုကို ပြုနိုင်ခဲ၏...
သူယုတ်မာသည်...
မကောင်းသော အမှုကို ပြုလွယ်၏...
အရိယာ သူတော်ကောင်းတို့သည်... မကောင်းသော အမှုကို ...
ပြုဖို့ရန် ခဲယဉ်းလှ၏...
ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။
သူတော်ကောင်း အင်္ဂါသုံးပါး
(၁) သူတော်ကောင်းဟာ ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်ကင်းတဲ့စကား၊ ကုသိုလ်ဖြစ်ကြောင်း ကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း ကုသိုလ်ဖြစ်ကြောင်း ကောင်းမှုကိုသာ လုပ်တယ်။
သူယုတ်မာ အင်္ဂါသုံးပါး
(၁) သူယုတ်မာဟာ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကိုသာ ကြံစည်တယ်၊
(၂) စကားပြောတဲ့အခါမှာလည်း အပြစ်မကင်းတဲ့စကား၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့စကာားကိုသာပြောဆိုတတ်တယ်၊
(၃) အလုပ်လုပ်တဲ့အခါမှာလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းတဲ့အလုပ်၊ အပြစ်မကင်းတဲ့ အလုပ်ကို လုပ်တယ်။
သူတော်ကောင်းလက္ခဏာလေးပါး
(၁) ပညာရှိသူတော်ကောင်းတွေဟာ သူတစ်ပါးအပြစ်ကို ဘယ်တော့မှ မပြောဘူး၊ တစ်စုံတစ်ယောင်က မေးရင်တောင် သိပ်မပြောဘူး၊ နည်းနည်းပါးပါးပဲ ပြောတယ်။
(၂) မိမိအပြစ်ကို ဘယ်သူကမှ မမေးတာတောင် ပြောသင့်ရင် ပြောတယ်၊ မေးတဲ့လူ ရှိရင်တော့ မိမိအပြစ်ကို ပြည့်ပြည့်စုံစုံ ၀န်ခံပြီးပြောတတ်တယ်။
(၃) သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဖို့ရာဝန်မလေးဘူး၊ ဘယ်သူမှ မမေးလည်း ပြောတယ်။ မေးရင်တော့ပြည့်ပြည့်စုံစုံပြောပြတယ်။
(၄) မိမိရဲ့ ဂုဏ်ကျေးဇူးကို မပြောလိုဘူး၊ လျှို့ ၀ှက်သိုသိပ်တတ်တယ်၊ သူများမေး လာရင်တောင် အနည်းအကျဉ်းသာ ပြောတယ်။
သူယုတ်မာ လက္ခဏာလေးပါး
(၁) သူယုတ်မာတို့မည်သည် သူတစ်ပါးရဲ့ အပြစ်ကို ဘယ်သူကမှ မမေးဘဲလည်း ပြောတယ်၊ မေးရင်တော့ ဒီထက်ပိုပြီး ပုံကြီးချဲ့ ပြီး ပြောတတ်တယ်။
(၂) ကိုယ့်အပြစ်ကိုကျတော့ တတ်နိုင်သလောက် ဖုံးထားတတ်တယ်၊ မေးရင်တောင်မှ အနည်းငယ်လောက်သာ မပြောမဖြစ်လို့ ပြောတယ်။
(၃) သူများရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုဖို့ကျတော့ အလွန်ဝန်လေးတယ်၊ မေးသူမရှိရင် မပြောဘူး၊ မေးသူရှိမှ မပြောရင်မကောင်းတတ်လို့ အနည်းအကျဉ်းပဲ ပြောတယ်။
(၄) ကိုယ့်ဂုဏ်ကိုကျတော့ မမေးဘဲနဲ့ပြောဆိုချင်ကြတယ်၊ မေးတဲ့သူရှိရင်တော့ ပိုပိုလိုလို ပြောဆိုတတ်တယ်။
ပညာရှိသူတော်ကောင်းရဲ့ အရည်အချင်းများ
* ရတနာသုံးပါးနဲ့ ကံတရားကို ယုံကြည်တဲ့ (သဒ္ဒါ) တရားနဲ့ပြည့်စုံတယ်။
* ကုသိုလ်ကောင်းမှုတို့ကို မမေ့တဲ့(သတိ) နဲ့ ပြည့်စုံတယ်။
* မကောင်းမှုကိုပြုရမှာ သိပ်ရှက်တယ်(ဟီရိ)၊ မကောင်းမှုကို ပြုရမှာကိုလည်း သိပ်ကြောက်တယ်(သြတ္တပ္ပ)။
* အပြစ်ကင်းတဲ့ အကြားအမြင်(သုတ) နှင့်လည်း ပြည့်စုံတယ်။
* ကုသိုလ်ကောင်းမှုအတွက် အားထုတ်တဲ့ (၀ီရိယ) လည်းရှိတယ်။
* ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်ကို သိမြင်တဲ့ (ပညာ) လည်းရှိတယ်။
သူတော်ကောင်းအင်္ဂါ ၇ ပါးကို ဘုန်ကြီးတစ်ပါးဟောတာ နာကြားဘူးပါတယ်။ ၁၊ သဒ္ဒါ ၂၊ သီလ ၃၊ သုတ ၄၊ ဇာဂ ၅၊ ပညာ ၆၊ ဟီရိ ၇၊ သြတ္တပ္ပ တဲ့ ။
ဝသလိ…
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ ပူဇော်ထားသော မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာ ထောပတ် စသည်ကို စီရင်ထား၏၊
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည် လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဉ်းကပ်တော်မူ၏။ အဂ္ဂိက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို ''ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့'' ဟု ဆို၏။
ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် ''အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း သိ၏လော'' ဟု မိန့်တော်မူ၏။ အသျှင်ဂေါတမ အကျွန်ုပ် သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း၊ မသိပါ၊ အကျွန်ုပ် တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း အကျွန်ုပ် သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရား ဟောတော်မူပါလော့ဟု လျှောက်၏။
ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင် ဂေါတမ ကောင်းပါပြီ'' ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ 115
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-
''အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 116-1
ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကို လည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝါကို လည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအား သတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 117-2
အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီး တတ်သူ ဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 118-3
အကြင်သူသည် ရွာ၌သော် လည်းကောင်း၊ တော၌သော် လည်းကောင်း သူတစ်ပါးတို့ မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 119-4
အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော် ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 120-5
အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိသဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 121-6
အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော် လည်းကောင်း၊ မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ ဥစ္စာဟူသော အကြောင်း ကြောင့်သော် လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 122-7
အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော် လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌သော် လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေ လွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 123-8
အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကို လည်းကောင်း၊ အဖကို လည်းကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 124-9
အကြင်သူသည် အမိကိုသော် လည်းကောင်း၊ အဖကိုသော် လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော် လည်းကောင်း၊ အစ်မနှမကိုသော် လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမ ယောက်ျားသူကိုသော် လည်းကောင်း ရိုက်နှက် ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 125-10
အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြား သွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆို ညွှန်ကြား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 126-11
အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူ သည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာ ဟူ၍ သိရာ၏။ 127-12
အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်း မိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို အတုံ့အပြန် မကျွေးမွေး၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 128-13
အကြင်သူသည် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကို လည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 129-14
အကြင်သူသည် ထမင်းစားချိန် ရောက်လတ်သော် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကားမပေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 130-15
ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံတစ်ခုသော ဝတ္ထုကို ရှာမှီးလာသည် ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 131-16
အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမဟှုသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 132-17
အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါး ပေးလှူသည်ကို မူလည်း ဝန်တိုမှုရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ 133-18
အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညုမဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါး ထိုဘုရား၏ တပည့်ရဟန်းကိုသော် လည်းကောင်း၊ ပရိဗိုဇ်ကိုသော် လည်းကောင်း၊ လူကိုသော် လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ 134-19
အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း၊ ပုဏ္ဏား ငါဘုရားသည် ရှေး၌ အကျဉ်းအားဖြင့် ဆိုခဲ့သော သူယုတ် တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ 135-20
အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ 136-21
ပုဏ္ဏား ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊
ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂ ဟူ၍ ထင်ရှားကျော်စော၏။ 137-22
ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား လုပ်ကျွေးခစားရန် မင်းမျိုးတို့သည် လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည် လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည် လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ 138-23
ထိုမာတင်္ဂသည် ကိလေသာ ကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ပြည်သို့ ရောက် ကြောင်း သမာပတ် ရှစ်ပါး နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု 'ကာမရာဂ' ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှ အမျိုးဇာတ်က မတားမြစ်နိုင်။ 139-24
ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ် ထင်ကုန်မူ ယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ် ဖြစ်ကုန်၏၊ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှ လည်း ကောင်း၊ ကဲ့ရဲ့ ခံရခြင်းမှ လည်းကောင်း အမျိုးဇာတ်က မတားမြစ်နိုင်။ 140,141-25,26
အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ 142-27
ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ
အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို
အသက်ထက်ဆုံး ကိုးကွယ်ခြင်းသို့ ရောက်သော
ဥပါသကာဟူ၍ မှတ်တော်မူပါလော့ ဟု လျှောက်၏။
၇ - ဝသလသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။
ဗုဒ္ဓဓမ္မ ဦးလောကနာထ at 7/11/2009 03:54:00 PM
ခုဒ္ဒကနိကာယ်
SIMPLE EXPLANATION
(၁) အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတပါးဂုဏ်ကျေးဇူးကို ချေဖျက်သူ၊ မိစ္ဆာဒိဌိအယူသို့ ကူးပြောင်းသူနှင့် မိမိ အပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့သည် သူယုတ်မာဖြစ်၏။
(၂) သတ္တ၀ါတို့အား သနားကြင်နာမှု မရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။
(၃) မြို့ရွာတို့ကို တိုက်ခိုက် ဖျက်ဆီးသူသည် သူယုတ်မာဖြစ်၏။
(၄) သူတပါးအကြွေးကို ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။
(၅) သူတပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။
(၆) လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။
(၇) မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။
(၈) သူတပါးသားမယားကို ပြစ်မှားလွန်ကျူးသူသည် သူယုတ်မာဖြစ်၏။
(၉) အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။
(၁၀) မိဘ ညီအစ်ကို မောင်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက်ညဉ်းဆဲနေသူသည် သူယုတ်မာဖြစ်၏။
(၁၁) သူတပါးက အကျိုးစီးပွား ရှိရာရှိကြောင်းကို မေးပါလျက် အကျိုးမဲ့ကို ပြောသူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကို ပေးပါသော်လည်း မေးသူမသိနိုင်အောင် ပြောသူသည် သူယုတ်မာ ဖြစ်၏။
(၁၂) မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တပါးသူ မသိအောင် ဖုံးကွယ်ထားသူသည် သူယုတ်မာဖြစ်၏။
(၁၃) သူတပါးအိမ်သို့ သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့်အခါမှု ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။
(၁၄) ဖိတ်ကြားဝန်ခံထားသူ အလှူခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းဘဲ လှည့်ပတ်နေသူသည် သူယုတ်မာဖြစ်၏။
(၁၅) ဆွမ်းခံလာသောရဟန်းကို ဆွမ်းမလောင်းဘဲ ကြမ်းတမ်းစွာ ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၆) သူတပါး၏ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ် ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၇) သူတပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတပါးတို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာ မရှိသော ဂုဏ်သိက္ခာဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာ မရှိသောဂုဏ်ကို ရှိလေဟန်ဆောင်သူနှင့် မကောင်းမှုကို ပြုရန် မရှက်မကြောက်သူများကို ရူတ်ချပြောဆိုသူသည် သူယုတ်မာ ဖြစ်၏။
(၁၈)မိမိကိုယ်ကို ဂုဏ်တင်မြောက်စားပြီး သူတပါးကို နှိမ့်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၉) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ရတနာသုံးပါးနှင့် ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူ များကို ရူတ်ချပြောဆိုသည်သည် သူယုတ်မာဖြစ်၏။
(၂၀)ရဟန္တာမဟုတ်ပါဘဲလျက် ရဟန္တာဟု ၀န်ခံသူသည် လောက၌ အယုတ်မာဆုံးဖြစ်၏။
သူတော်ကောင်းဂုဏ်ရည်
ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အဆက်မပြတ် ။
သူတော်ကောင်းသည် (အနေဝေး၍ ) အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပစ္စုပ္ပန် သံသရာ မြင့်မြတ်သည်။
သူတော်ကောင်းခြေမှုန့် ကိုယ်၌ကပ်လျှင် အပါယ်မကျ။
သမုဒ္ဒရာရေ မီးကြောင့်မကျွမ်း ၊
မြင့်မိုရ်တောင် လေကြောင့်မတုန်လှုပ်၊
ကျောက်ခဲ ရေကြောင့် မကျေ ၊
သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ် ၊
သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးမြစေ၏ ၊
နံ့သာတုံးသည် မီးရှို့  သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးမြစေ၏ ၊
သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏ ။
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏
သိဿကောဝါဒကျမ်းစာ
သူတော်ကောင်းတို့ နှလုံးသား
ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများစွာ ရှိသော်လည်း အတွင်းအရသာကား ချိုမြိန်လှပေ၏ ၊
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏ ။
စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့် ။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခန့်ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့ရောက်သော်လည်း ချိုသော အရသာကို မစွန့် ။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
လောကနီတိ
Tags: သူယုတ်မာ, သူတော်ကောင်း
Tuesday, February 2, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment